KZO: ဆရာ ဆရာ... ကမ္ဘာကြီးက လုံးတယ်ဆိုတာ တကယ်ပဲလား...
HTN: မနောက်ကောင်းဘူးလေ ဆရာ... လုံးပါတယ်ဆိုတာ အလယ်တန်းလောက်ကတည်းက သင်ခဲ့ရတယ်လေဗျာ...
KZO: အာ... ဟုတ်ဘူးလေ... အဲဒါကို ဘယ်လို သက်သေပြမတုန်းဗျ... Photoshop က ဘာမဆို ဖန်ဆင်းနိုင်တယ်ဆိုရင် ကမ္ဘာကြီးလုံးတာကို သက်သေပြစမ်းဆရာ...
HTN: အင်း... ဘယ်လိုများ ပြရမတုန်းဗျာ... သိပြီ... ဒီလိုဗျ... Photoshop မှာ Polar Coordinates ဆိုတာ ရှိတယ်။ အဲဒါဟာ ဖြောင့်နေတဲ့ ပုံကို ကွေးနေတဲ့ပုံ၊ ခုံးနေတဲ့ပုံ၊ လုံးနေတဲ့ ပုံတွေ ဖြစ်အောင် ဖန်တီးနိုင်တယ်ဗျ...

KZO: ဟုတ်လားဆရာ... ဒါဆိုလည်း အခု လုပ်ပြဗျာ...
HTN: ဟုတ်တယ်။ အဲဒီ Effect ကိုသုံးပြီး ခင်ဗျားရိုက်ထားတဲ့ ဖြောင့်နေတဲ့ ဓာတ်ပုံကို ခုံးသွားအောင် ဖန်တီးလို့ ရတယ်ဗျာ... ဒီနေရာမှာ အဓိက သိထားရမယ့် အချက် ၂ ချက်ရှိတယ်။
၁) ကမ္ဘာကြီးက စက်ဝိုင်းလို လုံးနေတာ။ ဘဲဥပုံ မဟုတ်ဘူး။ အပေါ်ကလို အလျားအနံ မညီတဲ့ ပုံကို Polar Effect ထည့်လိုက်ရင် ဘဲဥပုံထွက်လာမယ်ဗျ။ ဒါကြောင့် လုပ်မယ့် ဓာတ်ပုံက စတုရန်းပုံ ဖြစ်နေရမယ်။
၂) နောက်တစ်ချက်က စက်ဝိုင်းပုံဆိုတာ စတဲ့နေရာနဲ့ ဆုံးတဲ့နေရာက တစ်ဆက်တည်းလေ... ဒါကြောင့် ခုံးမယ့်ပုံရဲ့ အစနဲ့ အဆုံးဟာလည်း ဆက်နေရမယ်။ အကောင်းဆုံးက ပုံကို မခုံးခင်ကတည်းက ဆက်ထားတာ ကောင်းတယ်။ ခုံးပြီးမှ ဆက်လည်း ရတော့ ရတယ်။
KZO: ဟုတ်ပါပြီ ဆရာ... ဒါပေမဲ့ ပထမအချက်နဲ့ ပတ်သက်ပြီး နည်းနည်းပြောချင်တယ်ဗျာ...
HTN: ဘယ်လိုတုန်းဗျ။
KZO: သိပ္ပံက လက်ရှိတိုင်းတာချက်အရ ကမ္ဘာကြီးဟာ တိတိပပ မလုံးဘူးဆိုပဲဗျ… သူတို့က တောင်နဲ့ မြောက်ဝင်ရိုးစွန်းတွေကို တိုင်းတာမှာ...
HTN: တော်... တော်... ဆရာ... ခင်ဗျားပြောသလောက်ကြီးလည်း ဟုတ်ပါဘူးဗျာ... ကဲဗျာ... ကျုပ်က ဆရာလား ခင်ဗျားက တပည့်လား...
KZO: အာ... ဆရာက ဆရာပါ ဆရာရယ်... ကဲကဲ ဆက်ပြောဗျာ...
HTN: အင်း... ခုဓာတ်ပုံနဲ့ နမူနာပြမယ်ဗျာ... ပင်လယ်ကမ်းခြေသွားတုန်းက ကျွန်တော် Panorama လုပ်ဖို့ဆိုပြီး ရိုက်ထားတာဗျာ။

HTN: အဲဒါကို အစနဲ့ အဆုံးကို ဆက်ရမယ်ဗျ... ဒါမှ သဘာဝကျမှာ...
KZO: ဟုတ် ဆရာ...
HTN: ဒီလိုဆက်ဖို့အတွက် ပုံကို Filter > Other > Offset နဲ့ အစွန်းနှစ်ဘက်ကို အလယ်ကို ရွှေ့လိုက်မယ်... ခု ကျနော့်ပုံက 2400 x 750 pix ဆိုတော့ကာ Horizontal ကို 1200 Pix ရွှေ့လိုက်မယ်ဗျာ... ဒါဆိုရင် ဒီအောက်ကလိုမျိုး မြင်ရမယ်ဗျာ...

အဲဒီအလယ်မှာ ဖြစ်နေတဲ့ ဆက်ရာကို Clone Stamp, Healing Brush, Patch စတာတွေနဲ့ အဆင်ပြေသလို ဖုံးလိုက်မယ်ဗျာ...
KZO: ဒါဆိုရင် ဓာတ်ပုံကို ရိုက်တဲ့အခါ အစနဲ့ အဆုံး ဆက်နေရမှာပေါ့... ဆရာ...
HTN: အဟုတ်ပေါ့ဗျာ... အကောင်းဆုံးက တပတ်လည် ၃၆၀ ဒီဂရီ ပြည့်အောင်သာ ရိုက်လိုက်ဗျာ... ခုကျနော့်ပုံက အဲလိုရိုက်လာတာတော့ မဟုတ်ဘူး ဒါပေမယ့် ကံကောင်းချင်တော့ဗျာ... ဓာတ်ပုံရဲ့ ဘယ်ဘက်အစနဲ့ ညာဘက်အဆုံး နှစ်ဘက်စလုံးမှာ ကျွန်းတွေ ဖြစ်နေတော့ ခုလိုပဲ အာဖျံကွီးပြီး ဖုံးလိုက်လို့ ရတာပေါ့ ဆရာရယ်...

HTN: ဒီအဆင့်ပြီးရင် ပုံကို
လေးထောင့်ဖြစ်အောင် လုပ်ရမယ်ဗျာ... မဟုတ်ရင်တော့ ဆရာ့ကမ္ဘာကြီးက
ဝက်အူချောင်းလို ရှည်လမျော ဖြစ်သွားလိမ့်မယ်ဆရာ...။ လွယ်ပါတယ်ဗျ... Image
> Image Size ဒါမှမဟုတ် Ctrl + Alt + I ကို နှိပ်လိုက်ဆရာ...

HTN: အဲဒီမှာ ပုံကို အချိုးဖျက်မှာ
ဖြစ်တာကြောင့် Constrain Proportion ဆိုတာကို ဖြုတ်ထား (Un check) ပြီးရင်
ပုံရဲ့ Width မှာ 750 Pix လို့ ရိုက်ပြီး ပြောင်းလိုက်ရင်
စတုရန်းပုံဖြစ်သွားတာပေါ့ ဆရာ...

KZO: အဲဒါကို Filter > Distort > Polar Coordinate ဆိုရင် ရပြီပေါ့ ဆရာ...
HTN: ဟုတ်... အဲ... ဟုတ်သေးဘူး... တစ်ဆင့် ကျန်သေးတယ်ဗျ... ခုနကတုန်းက အထက်မှာ POLAR TEXT ဆိုပြီး ကျွန်တော် ကွေးပြတုန်းက ဆရာတွေ့လား... သူက စာလုံးကို အပေါ်ဘက်ကို ကွေးတင်သလိုမျိုး ပုံကို ကွေးလိုက်တာဗျ...
KZO: ဟုတ်တယ်ဆရာ... ခု ကျွန်တော်တို့ လိုချင်တာက ဗဟိုချက်တစ်ခုကနေ ကမ္ဘာကြီးက ကားထွက်နေတာကို လိုချင်တာလေ... ဒါကြောင့် ပုံကို အရင်ဆုံး လှည့်ရမယ်ဗျ... ဒါကြောင့် Image > Rotate Canvas နဲ့ ပုံကို 180 ဒီဂရီ လှည့်ပြီး စောက်ထိုးလုပ်မယ်ဗျာ...။

HTN: အဲဒါပြီးရင်တော့ ခင်ဗျားပြောတဲ့ Filter
> Distort > Polar Coordinates ကိုသွားလို့ ရပြီဗျာ... အဲဒီမှာ...
Rectangular to Polar ဆိုတာကို ရွေးလိုက်ရင် ဆရာလိုချင်တဲ့ ကမ္ဘာခုံးကြီး
ရပြီပေါ့ဗျာ...

KZO: အဟား... မိုက်ပါ့ဆရာ... Fish Eye Lens နဲ့ ရိုက်ထားသလိုလို ဘာလိုလိုပဲ...

HTN: အင်းဗျ... အဓိကက သဘောတရားကို သိဖို့ပဲ... အဲဒါဆိုရင် ဆရာ ကြိုက်သလောက် ဓာတ်ပုံတွေကို ခုံးလို့ ရပြီပေါ့ဗျာ…

KZO: ဟုတ်ပြီဗျာ... ခုချိန်က စပြီး လုံးနေတဲ့ကမ္ဘာကြီးကို Photoshop နဲ့ လုံးနေကြောင်း သက်သေပြမယ်ဗျို့...
HTN: ဟား... ဟား... သူ့ဘာသာ နေပါစေဗျာ... သွားမလုပ်ပါနဲ့ ဆရာရယ်...။
KZO: ဟား ဟား… ဟား...

No comments:
Post a Comment