Sunday, August 11, 2013

တရားမဝင် ကုန်သွယ်မှု ကိုးလအတွင်း ကျပ်သန်းခြောက်ထောင်ကျော်ဖိုး ဖမ်းဆီး



တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ရွေ့လျားအဖွဲ့ Mobile Team မှ ကိုးလအတွင်း တရားမဝင် ကုန်သွယ်မှု ၁၈၀၀ ကျော်၊ ခန့်မှန်းတန်ဖိုးငွေ ကျပ်သန်းပေါင်း ခြောက်ထောင်ကျော်ကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောကြားသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ မူဆယ်-မန္တလေး လမ်းကြောင်းပေါ်မှ ၅၇၅ မှု၊ (တန်ဖိုးငွေကျပ် ၃၅၄၉ ဒသမ ၀၅၈ သန်း)၊ မြဝတီ-ရန်ကုန်လမ်းကြောင်းပေါ်မှ ၈၅၁ မှု (ကျပ် ၁၃၉၃ ဒသမ ၇၉၉ သန်း)၊ ထုတ်နုတ်အင်အားများအဖြစ် မူဆယ် အခြေစိုက်စခန်း အနီးဝန်းကျင် ရှောင်ကွင်းလမ်းများမှ ၃၄၂ မှု (ကျပ် ၁၃၁၉ ဒသမ ၆၇၅ သန်း)၊ တာချီလိတ်စခန်း အနီးဝန်းကျင် ရှောင်ကွင်းလမ်းများမှ ၁၇ မှု (ကျပ် ၇ ဒသမ ၂၅၁ သန်း)၊ တမူးဒေသမှ ၁၈ မှု (ကျပ် ၃၁ ဒသမ ၅၇၀ သန်း) နှင့် ကန်ပိုက်တည်ဒေသမှ ၂ မှု (ကျပ် ၁၈ ဒသမ ၅ သန်း) စုစုပေါင်း အမှုတွဲပေါင်း ၁၈၀၅ မှု၊ ခန့်မှန်းတန်ဖိုးငွေ ကျပ်သန်းပေါင်း ၆၃၁၉ ဒသမ ၈၅၃ သန်းကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း ၎င်းကပြောကြားသည်။

“ဒီလုပ်ငန်းဟာ ကျွန်တော်တို့အတွက် အန္တရာယ်တွေ ရှိပါတယ်။ ဒါပေမဲ့ အစိုးရတစ်ရပ်ဟာ အခွန်မရရင် ဘယ်လိုရပ်တည်နိုင်မှာလဲ။ ဒီကိစ္စအတွက် တစ်ချိန်မှာ ကျွန်တော်တို့ တရားခံ အဖြစ်မခံနိုင်ပါဘူး၊ ဒါကြောင့်မို့ ဒီအဖွဲ့ကို ဖွဲ့ပြီး ဆောင်ရွက်ရတာပါ ” ဟု ၎င်းကဆိုသည်။

သြဂုတ်လ ၁၂ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့တော်သို့ ဝင်ပေါက်လေးနေရာနှင့် ပြည်တွင်းဆိပ်ကမ်း အားလုံးကိုလည်း ဆက်လက်စစ်ဆေး ဖမ်းဆီးသွားမည် ဖြစ်ကြောင်း၊ ဖမ်းဆီးရမိခဲ့သည်များအနက် အမှုတွဲပေါင်း ၂၄၀၊ ကျပ် ၅၆၃ ဒသမ ၆၀၅၅ သန်းကျော် တန်ဖိုးရှိသော ပြည်သူများ စားသုံးရန် မသင့်သည့် ကုန်ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း အဆိုပါဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေး စခန်းပေါင်း ၁၅ ခုရှိပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့အထိ ကုန်သွယ်မှုပမာဏမှာ ကျပ် ၂၆၆၄ သန်းကျော် ရှိကြောင်း သက်ဆိုင်ရာ ဌာနစာရင်းများအရ သိရသည်။

အောင်မျိုးထက်

No comments:

Post a Comment

Snap VPN အသုံးပြုနည်း

      ယခုမိတ်ဆက်ပေးမယ့် App ကတော့ Snap VPN လို့ခေါ်တဲ့၊ VPN ကျော်တဲ့ App ပဲဖြစ်ပါတယ်။မိမိတို့ Android Phone တွေမှာ Google play store ကနေ Ga...